ထောပတ်သီး ကြိုက်တဲ့သူတွေ ရှိကြလား။
ထောပတ်သီးက ကျန်းမာရေးအတွက် တော်တော်အကျိုးပြုတဲ့အထဲမှာ ပါဝင်ပါတယ်။ ထောပတ်သီးမှာပါတဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီဓာတ်တွေက သွေးတွင်း ကိုလက်စရောကို ကျစေလို့ နှလုံးကျန်းမာရေးအတွက် ကောင်းတယ် ဆိုတာမျိုး ကြားဖူးကောင်း ကြားဖူးကြမှာပါ။
အဲ့ဒါအပြင် ထောပတ်သီးမှာပါတဲ့ အာဟာရဓာတ်တွေကြောင့် တခြား ကောင်းကျိုးလေးတွေ အများကြီးရှိပါသေးတယ်တဲ့။
- မျက်စိ အမြင်အာရုံကိုလည်း ကောင်းစေတယ်။
- အရိုးပါးရောဂါကို ကာကွယ်နိုင်တယ်။
- တချို့ ကင်ဆာတွေကို ကာကွယ်နိုင်တယ်။
- ကိုယ်ဝန်ဆောင် မိခင်တွေ အတွက် ကလေးကျန်းမာရေးကို ကောင်းစေပြီး ကိုယ်အင်္ဂါချို့ယွင်းတာတွေ ကာကွယ်ပေးနိုင်မယ့် Folic acid ဓာတ်လည်း လုံလုံလောက်လောက်ပါဝင်တယ်။
- ဦးနှောက်ရဲ့လုပ်ဆောင်မှုကို အားကောင်းစေပြီး စိတ်ကျရောဂါကိုလည်း ကာကွယ်နိုင်ပါတယ်။
- အမျှင်ဓာတ်တွေပါဝင်တာကြောင့် ဗိုက်ကို ပြည့်စေပြီး အစာအများကြီးမစားမိအောင် ထိန်းပေးသလိုဖြစ်လို့ ဝိတ်ချလိုသူတွေအတွက်လည်း အဆင်ပြေပါတယ်။
- ဝမ်းချုပ်တာကိုလည်း သက်သာစေတယ်။
- အရိုးကျီးပေါင်းကြောင့် အဆစ်နာတာ ဒူးနာတာတွေကိုလည်း သက်သာစေတယ်တဲ့။
အဲ့လိုကျန်းမာရေးကောင်းကျိုးတွေရှိလို့ ထောပတ်သီးတွေက စားသင့်တဲ့ အစားတစ်ခုဖြစ်ကြောင်း ပြောပါရစေ။ အဲ့ တစ်ခုတော့ ရှိတာက ထောပတ်သီးကို သဘာဝအတိုင်းစားဖို့ပြောတာပါနော်။ နို့ဆီတွေ သကြားတွေ အများကြီး ထည့်လိုက်ရင်တော့ အဆင်မပြေပါနော်။
Dr Pyae Phyo Kyaw ရေးသားသည်။