“ဆရာရယ် အမေ့ကို အသိမပေးပါနဲ့ဦး”
“အဖေ့ရှေ့မှာတော့ သူ့ရောဂါအကြောင်း မပြောပါနဲ့ ဆရာ၊ သူမသိစေချင်သေးလို့ ဆရာ့ကို သတ်သတ်လာတွေ့တာ”
“ဆရာဝန်တွေကလည်း လူနာအရှေ့ရောဂါ အကြောင်းလျှောက်ပြောနေတယ်။”
လူနာတစ်ယောက်တွင် ကင်ဆာကဲ့သို့သော ရောဂါ ကြီးကြီးမားမားတစ်ခု ဖြစ်သည့် အခါ လူနာရှင်များထံမှ ကြားနေကျ စကားသံများဖြစ်သည်။ လူနာရှင်များအနေနှင့် လူနာကို ရောဂါအကြောင်း ပေးမသိစေချင်ကြသည်က များသည်။ တစ်ခါတစ်ရံ ဆရာဝန် ဆရာမများက လူနာကို ရောဂါအကြောင်း အသိပေးလိုက်လျှင် အပြစ်ပင်တင်တတ်ကြသည်။
ထိုအလေ့အထသည် မှန်ကန် ပါရဲ့လား။
လူနာအနေနှင့် ရောဂါ အကြောင်းသိသွားလျှင်
အများအားဖြင့် လူနာတစ်ယောက်အနေနှင့် ရောဂါအကြောင်းသိရှိသွားလျှင် စိတ်ဓာတ်ကျခြင်းဖြစ်သွားမည်ကို စိုးရိမ်တတ်ကြသည်။ စိတ်ထောင်း၍ ကိုယ်ကြေသည် ဟူသော အဆိုကို လက်ခံကြသည်နှင့် အညီ စိတ်ဓာတ်ကျပြီး ရောဂါပိုတိုးသွားမည် သက်တမ်းပိုတိုသွားမည်ကို စိုးရိမ်တတ်ကြသည်။ ထိုစိုးရိမ်မှုသည် မှန်သင့်သလောက် မှန်သော်လည်း တစ်ဖက်ကပြန်တွေးလျှင် လူနာအနေဖြင့် သူဘာဖြစ်သည်ကို သိရှိခြင်း မရှိဘဲ မတင်မကျနှင့် ရောဂါဝေဒနာ ခံစားရခြင်းသည် ပို၍ ဆိုးတတ်ပါသည်။
စိုးရိမ်စိတ်ဖြင့် နေ နေရလျှင်
တစ်ခါတစ်ရံတွင် မိမိတို့လည်း တစ်စုတစ်ခု မကောင်းသော အရာ ဖြစ်လာမည်ကို စိုးရိမ်နေရသော အနေအထားကို ကြုံတွေ့ဖူးကြမည် ဖြစ်သည်။ ဖြစ်မည် မဖြစ်မည်ကို ကြိုမသိနိုင်သေးသော အချိန်တွင် စိုးရိမ်နေရသည်က ပိုမို စိတ်လေးနေရလေ့ရှိသည်။ တကယ်တမ်း မကောင်းသော အရာ ဖြစ်လာပြီးလျှင်ပင် ရင်ဆိုင်ရပြီဟု စိတ်ကို ပိုင်းဖြတ်လိုက်နိုင်ပြီဖြစ်သဖြင့် ခံစားရမှု စိတ်လေးမှု လျော့နည်းလာသည်ကို ကြုံတွေ့ဖူးကြမည်ဖြစ်သည်။
အဆိုပါ အဖြစ်ကို ဥပမာထားပြီးဆိုရမည်ဆိုလျှင် လူနာအနေဖြင့် သူဘာဖြစ်မည်ကို တိတိကျကျ သိပြီးပြီဆိုလျှင် ပြင်ဆင်စရာရှိသည်များကို စနစ်တကျ ပြင်ဆင်ထားနိုင်မည်ဖြစ်သည်။ ရောဂါတစ်ခုကို စသိခါစတွင် လက်မခံနိုင်ခြင်း၊ စိတ်ဆိုးဒေါသထွက်ခြင်း၊ ဝမ်းနည်းခြင်းများ၊ စိတ်ဓာတ်ကျခြင်းများ ဖြစ်လာနိုင်သော်လည်း ထိုသို့ ဖြစ်ပေါ်နေသော အချိန်များတွင် မိသားစု၊ ဆရာဝန် ဆရာမများနှင့် ပတ်ဝန်းကျင်က ဝိုင်းဝန်း ဖေးမမှုများ စနစ်တကျ လုပ်ဆောင်ပေးနိုင်ရန် လိုအပ်ပါမည်။ လူနာအနေနှင့် နောက်ဆုံးတွင် သူ့ရောဂါအနေအထားမှန်ကို သိရှိသွားပြီး ထိုအတွက် လိုအပ်သော ကုသမှုများအတွက် စိတ်ပိုင်းဆိုင်ရာပြင်ဆင်မှုများ လုပ်ဆောင်နိုင်မည်ဖြစ်သည်။
လူနာအတွက်ရော မျှတရဲ့လား
တစ်ခါတစ်ရံ လူနာကို အသိမပေးဘဲ လူနာစောင့်များကမူ လူနာ၏ အခြေအနေကို သိလိုကြသည်။ တစ်ခါတစ်ရံ တစ်အိမ်သားလုံး လူနာ၏ အခြေအနေကို သိနေသော်လည်း လူနာတစ်ယောက်တည်းသာ သူ့အခြေအနေကို မသိရသည်ဖြစ်နေတတ်သည်။ ထိုသို့ ဖြစ်နေသော အနေအထားသည် တရားမျှတမှုရှိပါရဲ့လား။
တကယ်တမ်း ဆေးပညာကျင့်ဝတ်အရဆိုလျှင် လူနာသည်သာ သူ့ရောဂါအနေအထားကို သိပိုင်ခွင့် အရှိဆုံးသူဖြစ်သည်။ ကျန်သော မိသားစုဝင်များကို လူနာ၏ ခွင့်ပြုချက်ရမှသာ အသိပေးခွင့် ရှိသည်။ လူနာက သူ့မိသားစုဝင်များကို အသိမပေးရန်မှာထားလျှင် ပြောပိုင်ခွင့်မရှိပါချေ။ လူနာကသာ သူ့ရောဂါအကြောင်း သေချာသိရှိပြီး ဆက်လက်ကုသမှုနည်းလမ်းများကို ရွေးချယ်ဆုံးဖြတ်ခြင်း၊ ဘာသာရေးအရ ပြင်ဆင်နိုင်ခြင်းများ လုပ်ဆောင်ခွင့် ရှိရမည်သာဖြစ်သည်။
ဘာသာရေးအရ ကြိုတင်ပြင်ဆင်ခြင်း
လူနာတစ်ဦးအနေဖြင့် ကုသရန်မလွယ်တော့သည့် ရောဂါ အခြေအနေဖြစ်ပြီကို သိရှိလိုက်ရလျှင် ဘာသာရေးအရ ပြင်ဆင်စရာများကို ပိုမို လုပ်ဆောင်ဖြစ်ကြမည်ဖြစ်သည်။ မိမိရောဂါအနေအထားကို မသိ၍ ဘာသာရေးအပိုင်းတွင် အားစိုက်ထည့်မှုမလုပ်ဆောင်နိုင်ပါက လူနာအနေဖြင့် သံသရာ အတွက်ပါ အရံှုးပေါ်သွားမည်ဖြစ်သည်။ အထူးသဖြင့် ကံကံ၏ အကျိုးကို ယုံကြည်ပြီး နောက်ဘဝ သံသရာကို အလေးထားကြသော ဗုဒ္ဓဘာသာဝင်များအတွက် ပိုမိုပင် အရေးကြီးပါသည်။ ထို့ကြောင့်လည်း လူနာကို ရောဂါအခြေအနေအမှန်အတိုင်းရှင်းပြပြီး မဖြစ်နိုင်သော မျှော်လင့်ချက် (ဥပမာ အပြတ်ပျောက်အောင် ကု၍ မရသော ရောဂါ ကို ကု၍ ပျောက်နိုင်သယောင် မျှော်လင့်ချက်ပေးခြင်း) များကို ရှောင်ကြဉ်သင့်ပါသည်။
အချုပ်ဆိုရလျှင် လူနာတစ်ယောက် ရောဂါကြီးတစ်ခု ဖြစ်သည့် အခါ ဝိုင်းဝန်းဖုံးကွယ်ထားမည့် အစား လူနာကို ပွင့်ပွင့်လင်းလင်းအသိပေးပြီး လူနာအနေနှင့် ကြိုတင်ပြင်ဆင်စရာရှိသည်ကို ပြင်ဆင်နိုင်ရန်၊ စိတ်ဓာတ်ခိုင်ခိုင်မာမာဖြင့် ရင်ဆိုင်ကျော်လွှားနိုင်ရန် ကူညီဖေးမသင့်ပါကြောင်းတင်ပြလိုက်ရပါသည်။