နှလုံးသွေးကြောကျဉ်းတာ ဘာကြောင့်ဖြစ်ရတယ်။
ဆရာတို့တတွေ အသက် ၃၀ ကျော်လာပြီဆိုတာနဲ့ သွေးကြောနံရံလေးတွေမှာ အဆီလေးတွေ စစုလာပါတယ်။ အဲ့ဒီ အဆီလေးတွေက ပိုများလာရင်း များလာရင်းနဲ့ တဖြည်းဖြည်း သွေးကြောလေးတွေက ကျဉ်းလာကြပါတယ်။ အသက်အရွယ်ရလာတာနဲ့အမျှ သွေးကြောနံရံက အဆီတွေပိုပိုများလာ သွေးကြောတွေ ပိုပိုကျဉ်းလာကြတာပါ။
သွေးကြောကျဉ်းတာကိုပိုမိဖြစ်ပွါးစေတဲ့ အရာတွေ ရှိပါတယ်။ အမျိုးသားတွေမှာ သွေးကြောကျဉ်းရောဂါပိုဖြစ်တတ်ပါတယ်။ အရင်က သွေးကြောကျဉ်းထားတဲ့ ရောဂါဖြစ်ဖူးသူတွေမှာ ထပ်ဖြစ်နိုင်ကြတယ်။ မျိုးရိုးထဲမှာ သွေးကြောကျဉ်းရောဂါ အမျိုးအစားတွေ ဖြစ်တဲ့ နှလုံးသွေးကြောကျဉ်းတာ၊ ဦးနှောက်သွေးကြောကျဉ်းပြီးလေဖြတ်တာ၊ ခြေထောက်သွေးကြောပိတ်တာစတဲ့ ရောဂါတွေ ရှိတဲ့သူတွေမှာ ပိုဖြစ်တတ်ပါတယ်။ မျိုးရိုးဗီဇအရကို ဆရာတို့ အာရှတိုက်သားတွေက သွေးကြောကျဉ်းတာ ပိုဖြစ်တတ်ကြတယ် လို့ဆိုပါတယ်။
အဲ့ဒီ အပေါ်က အချက်တွေက ဆရာတို့ ပြင်ဆင်လို့မရတဲ့ အချက်တွေ ဖြစ်ပါတယ်။ ဒါပေမယ့် ဆရာတို့ ပြင်လို့ရတဲ့ အကြောင်းတရားတွေလည်း ရှိပါတယ်။ သွေးကြောကျဉ်းရောဂါကို ပိုမိုဖြစ်ပွါးစေတဲ့ အထဲမှာ သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ ဆေးလိပ်သောက်ခြင်း၊ ဆေးရွက်ကြီး သုံးစွဲခြင်း၊ အဝလွန်ခြင်း၊ အရက် အလွန်အကျွံသောက်သုံးခြင်း၊ ကိုယ်လက်လှုပ်ရှားမှုနည်းခြင်း၊ အဆီအစိမ့် အငန် အစားများခြင်း စတဲ့ အချက်တွေလည်း ပါဝင်ပါတယ်။ ဒီအချက်တွေကိုတော့ ဆရာတို့အနေနဲ့ ပြုပြင်လို့ရနိုင်ပါတယ်။ ဥပမာ သွေးတိုးဆီးချိုကို သေချာထိန်းမယ်၊ ဆေးလိပ် ကွမ်း အရက်တွေကို ဖြတ်မယ်စတာတွေ လုပ်ဆောင်ပြီး နှလုံးသွေးကြောကျဉ်းရောဂါဖြစ်နိုင်ခြေကို လျှော့ချလို့ရပါမယ်။
(နှလုံးသွေးကြောကျဉ်းဖြစ်ရင် ဖြစ်လာမယ့် လက္ခဏာတွေ အကြောင်းနဲ့ ကုသမှု အကြောင်းတွေကို ဆက်လက်ဖော်ပြပါမယ်။)
ဒေါက်တာကျော်(ဆေးပညာ)ရေးသားတင်ပြပါသည်။
#ziwakacare
#ကိုယ်စိတ်ကျန်းမာ
#ဒေါက်တာ့မေတ္တာ
#နှလုံးသွေးကြောကျဉ်း