ရှေ့တစ်ရက်က Thyroid ဟော်မုန်းများသူများတွင် ဆင်ခြင်ရမည့် အစားအစာများကို ရေးခဲ့ပါတယ်။ အခု Thyroid hormone နည်းသူများမှာ လိုက်နာသင့်သော အစားအသောက်ပုံစံများကို ဖော်ပြပေးလိုက်ပါတယ်။
စားသုံးသင့်သည့် အစားအစာများ
အိုင်အိုဒင်း
အိုင်အိုဒင်းဓာတ်နည်းလျှင် Thyroid ဟော်မုန်းဓာတ်နည်းတတ်ပါတယ်။ အထူးသဖြင့် တောင်ပေါ်ဒေသများတွင်အိုင်အိုဒင်းပိုမိုချို့တဲ့ပြီး လည်ပင်းကြီးရောဂါဖြစ်ပွါးတတ်ကြပါတယ်။ အိုင်အိုဒင်းဆားကို ပုံမှန်သုံးစွဲသင့်ပါတယ်။ပင်လယ်ငါးများ၊ ပုဇွန်၊ ဂဏန်း၊ ပင်လယ်ရေမှော် စသည်တို့ကလည်း အိုင်အိုဒင်းများသော အစားအစာများဖြစ်ပါတယ်။
ဆီလိီနီယမ် (Selenium)
Selenium ဓာတ်ကလည်း Thyroid ဟော်မုန်းထုတ်ရာတွင် လိုအပ်သော ဓာတ်တစ်မျိုးဖြစ်ပါတယ်။ Selenium ဖြည့်စွက်အားဆေးအနေဖြင့်လည်း ဆရာဝန်များက ညွှန်ကြားတတ်ကြသလို Selenium ပါဝင်တဲ့ အစားအစာများအထဲမှာ ဥအမျိုးမျိုး၊ ပဲပင်ပေါက်၊ တူနာ၊ ဆာဒင်းစတဲ့ ငါးများပါဝင်ပါတယ်။
သံဓာတ်
သံဓာတ်အားနည်းခြင်းကြောင့် သွေးအားနည်းခြင်းသည်လည်း Thyroid ဟော်မုန်းနည်းခြင်းနှင့် ဆက်စပ်တတ်ရာသံဓာတ်အားနည်းမှု ရှိပါက ဆရာဝန်၏ ညွှန်ကြားချက်နှင့် သံဓာတ်အားဆေးသောက်ရပါမယ်။
အခြားဓာတ်များ
ဗီတာမင်ဒီ၊ မက်ဂနီစီယမ် (Magnesium)၊ B12, ဇင့် (zinc) တို့ကလည်း thyroid အတွက် ကောင်းတဲ့ ဓာတ်များဖြစ်သည့် အလျောက် ဆရာဝန်၏ ညွှန်ကြားချက်နှင့် အညီ လိုအပ်ပါက ဖြည့်စွက်သောက်သုံးဖို့လိုပါမယ်။
ရှောင်သင့်သည် အစားအစာများ
ဂေါ်ဖီ၊ ပန်းဂေါ်ဖီ၊ ပန်းဂေါ်ဖီစိမ်း၊ မျှစ်နှင့် ပဲပိစပ်မှ ထုတ်ထားသော ပဲနို့၊ ပဲပြားစတဲ့ အစားအစာတွေက Thyroid ဟော်မုန်းထုတ်တာကို နည်းစေတတ်လို့ အဆိုပါအစားအစာများကို လျှော့စားသင့်ပါတယ်။ အထူးသဖြင့် မချက်ဘဲစားရင် ပိုဆိုးတတ်သည်ဟု ဆိုကြပါတယ်။
နောက်တစ်ခုရှိသည်မှာ Thyroid ဟော်မုန်းဆေးသည် ပဲပိစပ်ပါသော အစာများ၊ အမျှင် ပါဝင်မှုများသော အစားများ၊ ကယ်စီယမ် (Calcium)ပါဝင်မှုများသော နွားနို့အပါအဝင် အစားအစာများနှင့် တွဲသောက်မိပါက ဆေးအာနိသင် လျော့ကျနိုင်သဖြင့် Thyroid ဟော်မုန်းဆေးကို အစာမစားမီသောက်သုံးရန် ညွှန်ကြားလေ့ရှိပါသည်။
အစာလည်းဆေး ဆေးလည်းအစာဆိုသကဲ့သို့ စားသုံးသင့် ရှောင်ကြဉ်သင့်သော အစားအစာများကို ဆင်ခြင်ကြခြင်းဖြင့် ပိုမိုကောင်းမွန်သော ကျန်းမာရေးကို ရရှိနိုင်ကြပါစေရန် ဆန္ဒပြုလိုက်ပါတယ်။
ဒေါက်တာကျော်(ဆေးပညာ)
#ziwakacare
#ကိုယ်စိတ်ကျန်းမာ
#Allaboutmedicine
#Doctors_Myittar