ကိုဗစ်ကနေ အမြန်ပြန်ကောင်းဖို့မှာ အစားအသောက်နဲ့ အားပြန်ပြည့်အောင်လုပ်ဖို့ကလည်း အရေးကြီးတဲ့ အချက်ပါ။
အရေးကြီးဆုံးက ဗီတာမင် သတ္တုဓာတ်ပြည့်ဝတဲ့ အစားအသောက်တွေ စားဖို့ပါ။ Supplements တွေ အများကြီးရှိနေပေမယ့် သင်စားတဲ့ အစားအသောက်မှာ သန့်ရှင်းလတ်ဆတ်တဲ့ အသီးအနှံတွေ အရွက်တွေ အသားဓာတ်တွေပါဖို့ကလည်း ပိုအရေးကြီးတယ်လို့ ကျွမ်းကျင်သူတွေနဲ့ သုတေသနပညာရှင်တွေက ဆိုကြပါတယ်။ အစာလည်းဆေး ဆေးလည်းအစာ မဟုတ်လား။
• အရည်များများသောက်ပါ။
သန့်ရှင်းလတ်ဆတ်တဲ့ အသီးဖျော်ရည်တွေ (ရေခဲ မစိမ်ဘဲ သောက်ပါ)၊ ဓာတ်ဆားတွေဟာ သင့်ခန္ဓာကိုယ်ရဲ့ ရေဓာတ်အတွက် အရေးကြီးပါတယ်။ တစ်နေ့တာ ဆီးသွားတဲ့ ပမာဏထက် ရေသန့်ဘူးတစ်ဝက်စာလောက်အနည်းဆုံးပိုဝင်အောင် သောက်သုံးဖို့လိုပါတယ်။ ဝမ်းပျက်ဝမ်းလျှောဖြစ်နေရင် ပိုတောင် သောက်ဖို့လိုပါမယ်။ သင့်မှာ နှလုံးကျောက်ကပ်စတဲ့ ရောဂါတွေ ရှိရင်တော့ ဆရာဝန်ညွှန်ကြားချက်အတိုင်း သောက်ဖို့လိုပါမယ်။
• ဗီတာမင် စီပါတဲ့ အစားအစာတွေ စားပါ။
လိမ္မော်သီး၊ ကန်စွန်းဉ၊ ကီဝီသီး(Kiwi)၊ ဘယ်ရီသီး (Berry)စတာတွေ များများစားပေးပါ။
• လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်တွေများများစားပါ။
ကိုယ်ခန္ဓာအတွက် လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေပါဝင်ပါတယ်။
• အသားဓာတ်
ခန္ဓာကိုယ်ထဲက ဆဲလ်တွေ မြန်မြန်ပြန်ကောင်းဖို့ အသားဓာတ်များများစားဖို့လိုပါတယ်။ လတ်ဆတ်တဲ့ အသားတွေ စားပါ။ ကြက်စွပ်ပြုတ်ပူပူနွေးနွေးလေးကို ဂျင်းလေးနဲ့ ဟင်းရွက်လေးတွေပါထည့်ပြီး သောက်မယ်ဆို အသားဓာတ်တွေ အပြင် တခြား zinc အစရှိတဲ့ သတ္တုဓာတ်တွေပါ ရနိုင်မှာပါ။
• ဗီတာမင်ဒီ ပါတဲ့ အစားအစာတွေ စားပါ။
Supplements တွေအပြင် အစားအစာထဲရော နေရောင်နဲ့ ထိတွေ့ရင်ပါ ဗီတာမင်ဒီ ရနိုင်တယ်ဆိုတာသင်သိပြီးသားဖြစ်မှာပါ။ အရိုးပါစားနိုင်သော ငါးကလေးတွေ၊ ဆယ်လမွန် တူနာငါးတွေ၊ ကြက်ဉအနှစ်၊ နွားနို့ စတာတွေမှာ ဗီတာမင်ဒီ ပါဝင်ပါတယ်။
ကိုဗစ်ဖြစ်နေချိန် ရှောင်ကြဉ်သင့်တဲ့အစားအစာတွေ
• ကြာရှည်ခံအောင် ပြုပြင်ဖန်တီးထားတဲ့ အစားအစာတွေ
ပြုပြင်ဖန်တီးထားတဲ့ အသားချောင်းတွေ၊ အသားပြားတွေ၊ စည်သွပ်ထားတဲ့ အစားအစာတွေကို ရှောင်ကြဉ်သင့်ပါတယ်။ ဆားဓာတ်များတဲ့ အစားအစာတွေ မြန်မာမှာဆို ငါးပိငါးခြောက်တွေက လည်း မစားသင့်ပါဘူး။
• အဆီများတဲ့ အစားအစာတွေ
• အစပ်များတဲ့ အစားအစာတွေ
• ကော်ဖီ၊ လက်ဖက်ရည်၊ ကဖီးဓာတ်ပါတဲ့ အရည်တွေ
တခြား ဖျော်ရည်တွေ သောက်ရင်တောင် အအေးခံ မသောက်သင့်ဘူးလို့ ဆိုပါတယ်။
• အရက်၊ ဆေးလိပ်၊ ကွမ်းတွေကိုလည်း လုံးဝရှောင်ကြဉ်သင့်ပါတယ်။
ဒီလိုဆောင်သင့်ရှောင်သင့်တာတွေကို ဆင်ခြင်စားသုံးပြီး ကိုဗစ်ကပ်ရောဂါအပါအဝင် ရောဂါတွေ ဘေးကနေ ကင်းဝေးပါစေကြောင်း ဆရာတို့ Medical team ကနေ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်။
သွေးတိုး ဆီးချို နှလုံး အသည်း ကျောက်ကပ် ဖျားနာခြင်း စတဲ့ ရောဂါတွေ အတွက် အထူးကု ဆရာဝန်နဲ့ တိုင်ပင်ချင်ရင်ဖြစ်ဖြစ်၊ ရန်ကုန် သတ်မှတ်မြို့နယ်များအတွက် (အထူးကုနဲ့ပါ ဆွေးနွေးတိုင်ပင်ပေးတဲ့)အိမ်ပင့်ဆရာဝန် ပင့်ချင်ရင်ဖြစ်ဖြစ် Viber 09791038152 မှာ ဆက်သွယ်ပြီး အသေးစိတ်မေးမြန်း စာရင်းပေးသွင်းနိုင်ပါတယ်။