ဟော်မုန်းပါသည့် သန္ဓေတားနည်းလမ်းများ မသုံးသင့်သူများ
သန္ဓေတားနည်းများတွင် အမျိုးသမီးဟော်မုန်းများဖြစ်သည့် အီစရိုဂျင် (Estrogen) နှင့် ပရိုဂျက်စတင် (Progestin) ပါဝင်သော နည်းလမ်းများရှိပါသည်။
အောက်ပါနည်းလမ်းများသည် Progestin တစ်မျိုးပါသော နည်းလမ်းဖြစ်ပါသည်။
- Progestin တစ်မျိုးတည်းပါသည့် နေ့စဉ်သောက်ရသည့် တားဆေး (POP pills)
- အရေးပေါ်တားဆေး (Emergency pills)
- သုံးလခံထိုးဆေး (Depo)
- လက်မောင်းအောက်တွင် ထည့်ရသည့် Implant
- သားအိမ်တွင်း ထည့်ရသည့် ဟော်မုန်းပါသည့် ပစ္စည်း (IUS) (အများအားဖြင့် သန္ဓေတားရန်ထက် တခြားရောဂါကုသရာတွင် ပိုသုံးသည်။)
အောက်ပါနည်းလမ်းများသည် Estrogen + Progestrone နှစ်မျိုးလုံးပါဝင်သော နည်းလမ်းဖြစ်ပါသည်။
- ဟော်မုန်းနှစ်မျိုးလုံးပါသည့် နေ့စဉ်သောက်ရသည့် တားဆေး (COC pills)
- ဟော်မုန်းနှစ်မျိုးလုံးပါသည့် မိန်းမကိုယ်တွင်းထည့်ရသော ကွင်း (vaginal ring)
- ဟော်မုန်းနှစ်မျိုးလုံးပါသည့် အရေပြားတွင် ကပ်ရသော Patch
ဟော်မုန်းပါသော နည်းလမ်းများသည် တစ်ချို့ရောဂါများကို ပိုမို ဖြစ်ပွားစေတတ်သလို တခြားဆေးများနှင့်လည်း တွဲ၍ သုံးမိပါက ကလေးရသွားတတ်သည်များရှိတတ်ပါသည်။ ထို့ကြောင့် အဆိုပါ ဟော်မုန်းပါသည့် နည်းများ မသုံးသင့်သည့် အခြေအနေများကို သိထားရန်လိုပါသည်။
ကိုယ်ဝန်ရှိမရှိမသေချာပါက စစ်ပြီးမှ ဟော်မုန်းသန္ဓေတားနည်းလမ်းများကို စသုံးသင့်ပါသည်။
ဟော်မုန်းပါသော သန္ဓေတားဆီးသည့် နည်းလမ်းမသုံးသင့်သူများ (ဟော်မုန်းတစ်မျိုး သို့မဟုတ် နှစ်မျိုးပါသည့် နည်းမှန်သမျှမသုံးသင့်ပါ။)
- ရင်သားကင်ဆာ ရှိသူများ၊ ဖြစ်ဖူးသူများ (ရင်သားကင်ဆာ မျိုးရိုးရှိသူများအနေဖြင့်လည်း ဟော်မုန်းပါသည့် သန္ဓေတားနည်းများကို ရှောင်ကြဉ်နိုင်လျှင် ပိုကောင်းပါသည်။)
- အသည်းရောဂါ၊ နှလုံးသွေးကြောကျဉ်း၊ လေဖြတ်ခြင်းစသည့် သွေးကြောကျဉ်းရောဂါရှိသူများတွင် မသုံးသင့်ပါ။
- တခြားရောဂါတစ်ခုခုအတွက် ဆေးသောက်နေရသည့်အခါတွင်လည်း အဆိုပါဆေးနှင့် သန္ဓေတားနည်းလမ်းတွဲသုံး၍ ရမရ ဆရာဝန်နှင့် တိုင်ပင်သင့်ပါသည်။ ကလေးရသွားနိုင်သဖြင့်ဖြစ်ပါသည်။
ဟော်မုန်း နှစ်မျိုးပါသည့် တားဆေး (COC) မသုံးသင့်သူများ
- အသက် ၃၅ နှစ်ကျော်ပြီး ဆေးလိပ်သောက်တတ်သူများ
- ခြေထောက်သွေးခဲခြင်း၊ နှလုံးသွေးကြောကျဉ်း၊ လေဖြတ်ခြင်းနှင့် တခြားနေရာများတွင် သွေးခဲခြင်း သွေးကြောကျဉ်းခြင်းစသည့် ရောဂါရှိသူများ
- သွေးတိုးမထိန်းနိုင်သူများ
- အဝလွန်သူများ
- ခေါင်းတစ်ခြမ်းကိုက် (migraine) ရောဂါရှိသူများ
- အသည်းရောဂါရှိသူများ
- ကလေး အသက်၆လ အောက်နို့တိုက်မိခင်များ
ထို့ကြောင့်အထက်ပါ အခြေအနေများရှိသူများအနေဖြင့် ဟော်မုန်းမပါသောနည်းလမ်းများကို ရွေးချယ်သုံးစွဲရန်လိုပါသည်။
အောက်ပါနည်းလမ်းများသည် ဟော်မုန်းပါဝင်မှုမရှိသောနည်းလမ်းများဖြစ်ပါသည်။
- ကွန်ဒုံး – အမျိုးသားသုံး အမျိုးသမီးသုံး
- သားအိမ်တွင်း ထည့်ရသည့် ဟော်မုန်းမပါသည့် ပစ္စည်း (IUD)
- မိန်းမကိုယ်တွင် ထည့်ရသော အကာပစ္စည်း (Diaphragm or cap)
- သားကြောဖြတ်ခြင်း